ဝက်ခြံ ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုသက်သာအောင် လုပ်မလဲ
အသားအရေပြဿနာတွေထဲမှာ အဖြစ်များပြီး ကျားမ မရွေး ကြုံရတာကတော့ ဝက်ခြံပြဿနာပါ။ အထူးသဖြင့် အရေပြားပေါ်မှာရှိတဲ့ အဆီတွေနဲ့ ဆဲလ်သေတွေက အသားအရေ ချွေးပေါက်လေးတွေမှာ ပိတ်ဆို့လာတဲ့အခါမှာ ဝက်ခြံဖြစ်လာပါတယ်။ အစားအစာ၊ စိတ်ဖိစီးမှု၊ လေထုညစ်ညမ်းမှု၊ ဘက်တီးရီးယားတွေ၊ ဓါတ်မတည့်တာတွေကလဲ ဝက်ခြံဖြစ်တာကို ပိုပြီး အားပေးတာ တွေ့ရပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ဟော်မုန်းပြောင်းလဲမှုများတဲ့အရွယ်တွေ၊ ဆယ်ကျော်သက်တွေမှာ ပိုဖြစ်နိုင်တာကို တွေ့ရပါတယ်။
ဝက်ခြံပုံစံနဲ့ အမျိုးအစားတွေကတော့ အများကြီးပါ။ ညှစ်လိုက်ရင် အဖြူရောင်အနှစ်လေးတွေ ထွက်လာတတ်တဲ့ Whiteheads တွေကတော့ နှာခေါင်း ဘေးတစ်ဝိုက်နဲ့ မေးစေ့မှာ အများဆုံးတွေ့ရပါတယ်။ တစ်ချို့ကလဲ နှာခေါင်းထိပ်လေးတွေမှာ အမဲရောင် အစက်အပြောက်ပုံစံနဲ့ Blackheads ဆားဝက်ခြံလေးတွေအနေနဲ့လဲ တွေ့ရတာ ရှိပါတယ်။ တစ်ခါတစ်ရံမှာ ပန်းရောင် ဝက်ခြံအဖုသေးသေးလေးတွေအနေနဲ့ တွေ့ရတာမျိုးလဲ ရှိသလို အရွယ်အစားကြီးမားတဲ့ ပြည်တည်နာ ဝက်ခြံတွေလဲ ရှိနိုင်ပါတယ်။
ဝက်ခြံပြဿနာကို ဖြေရှင်းဖို့ အိမ်တွင်းကုထုံးတွေအများကြီးရှိသလို ကုသနိုင်တဲ့ နည်းလမ်းတွေလဲ အများကြီး ရှိပါတယ်။ လက်ဖက်ဆီ၊ ရှားစောင်းလက်ပတ်၊ ပျားရည် စတဲ့ သဘာဝပစ္စည်းတွေက ဝက်ခြံပြဿနာကို သက်သာစေပါတယ်။ ရေနွေးငွေ့ခံပေးတာ ခရမ်းချဉ်သီးနဲ့ ပေါင်းတင်တာ၊ မုန့်ဖုတ်ဆော်ဒါအနှစ်လေးနဲ့ ဝက်ခြံနေရာကို လိမ်းပေးတာတွေကလဲ အသုံးများပြီး ထိရောက်တဲ့ အိမ်တွင်းကုသနည်းတွေပါပဲ။
တကယ်လို့ ဝက်ခြံပေါက်တာ အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ဝက်ခြံအတွက် သီးသန့်သုံးစွဲနိုင်တဲ့ အလှကုန်တွေ၊ မျက်နှာသစ်ဆေးတွေ သုံးပေးလို့ ရပါတယ်။ အထူးသဖြင့် Benzoyl Peroxide၊ Salicylic Acid ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေက ဘက်တီးရီးယားတွေ ပေါက်ဖွားတာကို လျော့ပါးစေပြီး ဝက်ခြံပြဿနာတွေကို လျော့ပါးသက်သာစေပါတယ်။
ဝက်ခြံပြဿနာကို ကာကွယ်ဖို့ဘာတွေ သိထားသင့်လဲ?
(၁) နေ့စဥ် မျက်နှာ ပုံမှန်သစ်ပေးပါ ၊ ခဏခဏ သစ်ဖို့ မလိုပါ
(၂) အဆီများလွန်းတဲ့ အစားမစာတွေကို ရှောင်ပါ
(၃) စိတ်ဖိစီးမှုကင်းပါစေ
(၄) ရေဓါတ်ပြည့်ဝပါစေ
(၅) မျက်နှာကို လက်နဲ့ ခဏခဏ ထိတွေ့တာမျိုး မလုပ်ပါနဲ့
(၆) ခေါင်း မှန်မှန် လျှော်ပါ၊ ခေါင်းအုံးစွပ်၊ သဘက်တွေကို သန့်ရှင်းအောင်ထားပါ
(၇) ဝက်ခြံတွေကို လက်နဲ့ ညှစ်တာမျိုး၊ သွားဆွတာမျိုးက ပိုဆိုးစေတာကြောင့် ဒါတွေကို ရှောင်ဖို့ လိုပါတယ်
ဒီနည်းလမ်းတွေနဲ့ မသက်သာဘူး၊ ဝက်ခြံပြဿနာတွေ ပိုဆိုးလာတယ်၊ ဝက်ခြံကြောင့် စိတ်ရှုပ်နေရတယ်ဆိုရင်တော့ ပိုးသတ်ဆေးနဲ့ တခြားသော ဆေးကုသမှုတွေ လိုနိုင်တာကြောင့် ဆေးခန်းပြပြီး သေသေချာချာ ကုသမှု ခံယူဖို့ လိုပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)